ဆီးချိုရောဂါနှင့်အတူ နေထိုင်ရခြင်းက ခက်ခဲတယ်လို့ထင်ရနိုင်ပေမယ့်လည်း မိမိအတွက်သင့်တော်တဲ့ဆေးနှင့်ထိန်းညှိပါက လွယ်ကူပါတယ်။ ဆီးချိုရောဂါကို ထိန်းညှိတဲ့အခါ အရေးကြီးဆုံးအချက်ကတော့ မိမိသောက်တဲ့ဆေးတွေအကြောင်းကို သေချာသိရှိနားလည်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါမှသာ ကိုယ့်ရောဂါကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အချက်အလက်တွေကို သိရှိထားပါက ဆီးချိုရောဂါကို အနိုင်ယူနိုင်မှာဖြစ်ပြီး ကျန်းမာပျော်ရွှင်သောဘဝကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် တချို့အချက်အလက်တွေကိုသိရှိထားခြင်းက သင်ရဲ့ဆရာဝန်ကို သင်သိချင်တဲ့ မေးခွန်းများမေးသည့်အခါ လွယ်ကူစေသလို သင်ရဲ့ရောဂါနှင့်ဆိုင်သည့် ကုသမှုရွေးချယ်ရာတွင်လည်းအထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် သင်သိထားသင့်တဲ့ အသုံးများဆုံး ဆီးချိုဆေး ၅ မျိုးအကြောင်းကို စုစည်းဖော်ပြလိုက်ပါသည်။
1. Metformin: မူရင်းဂိုဏ်းချုပ်ကြီး
ပထမဆုံး ဆီးချိုဆေးလို့ ပြောလိုက်တာနဲ့ မူရင်းဂိုဏ်းချုပ်ကြီးဖြစ်တဲ့ Metformin က မပါမဖြစ်ပါပဲပဲ။ လူသိများတဲ့ တံဆိပ်တွေက Metformin Denk (Metformin ကဒ်မာ) နဲ့ Metformin Rx (Metformin ကဒ်ပျော့) တို့ပဲဖြစ်ပါတယ်။ ဒီသောက်ဆေးလေးက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အသည်းကနေ သကြားဓာတ် ထုတ်နှုန်းကိုလျှော့ပေးသလို၊ ခန္ဓာကိုယ်ရဲ့ Insulin Sensitivity (Insulin ရဲ့ အာနိသင် ရရှိနိုင်စွမ်း) ကို တိုးမြှင့်ပေးပါတယ်။ ဆေးကတော့ ပုံမှန် တနေ့တစ်ကြိမ် မှ နှစ်ကြိမ် အစာနှင့်တွဲပြီး ဖြစ်ဖြစ်၊ အစာမရှိပဲဖြစ်ဖြစ် သောက်ကြပါတယ်။ ပျို့အန်တာတို့၊ ဝမ်းလျှောတာတို့ကတော့ ဖြစ်လေ့ဖြစ်ထရှိပြီး များသောအားဖြင့် အချိန်တိုအတွင်းပျောက်သွားတတ်ပါတယ်။
မှတ်ချက်။ Metformin ၏အစာအိမ်နှင့်အူလမ်းကြောင်းဘေးထွက်ဆိုးကျိုးများသက်သာစေရန် ဆေးစတင်သောက်သည့် အချိန်တွင် အစာနှင့်တွဲ၍ သောက်ခိုင်းတတ်ပါသည်။
2. Sulfonylureas: Insulin အထွက်တိုးစေသည့် ဘော်ဒါများ
နောက်ဆေးတစ်မျိုးကတော့ Sulphonylureas အုပ်စုတွေဖြစ်ပါတယ်။ Diamicron တို့ Diabend တို့ ဆိုပြီး လူသိများကြပါတယ်။ ဒီဆေးအုပ်စုကကျတော့ ခန္ဓာကိုယ်ရဲ့ မုန့်ချိုအိတ်ကနေ Insulin များများထွက်အောင် လှုံ့ဆော်ပေးပြီး သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒီဆေးတွေကို တင်စားပြီးပြောရရင်တော့ သင့်ခန္ဓာကိုယ်အတွက် Insulin ထွက်အောင်လုပ်ပေးတဲ့ ဘော်ဒါလေးတွေလို့ ပြောလို့ရတယ်။ တစ်နေ့တစ်ကြိမ် အစာမစားမီ သောက်ပေးရပါတယ်။ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန်တက်လာတာတို့၊ သွေးတွင်းသကြားဓာတ်အရမ်းကျသွားတာတို့ ဖြစ်တတ်တယ်။ အဲ့ဒါကြောင့် ဒီဆေးကိုသောက်နေတဲ့ သူတွေကလည်း သကြားဓာတ်ကျတဲ့ လက္ခဏာတွေကို သိထားဖို့လိုသလို သကြားဓာတ်ပုံမှန်တိုင်းပေးတာတို့၊ ဘယ်သွားသွား အချိုဓာတ်ပါတဲ့မုန့်တွေယူသွားတာတို့ လုပ်သင့်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျတဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးခြင်း၊ ချွေးထွက်များခြင်းစတဲ့ လက္ခဏာတွေခံစားရပါက ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။
3. DPP-4 Inhibitors: Insulin ပါဝါမြှင့်စေသည့်ဆေး
တတိယဆေးအမျိုးအစားအုပ်စုကတော့ Sitaglit တို့ Trevia တို့ဆိုပြီး သိကြတဲ့ DPP-4 inhibitors အုပ်စုဖြစ်ပါတယ်။ ဒီသောက်ဆေးကကျတော့ Insulin ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သကြားဓာတ်ထုတ်နှုန်းကို လျှော့ချပေးပါတယ်။ ဒီဆေးအုပ်စုကလည်း ဆီးချိုရောဂါထိန်းရန်အတွက် ရေပန်းစားတဲ့ဆေးအုပ်စုတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်၊ အစာနှင့်တွဲ၍ ဖြစ်စေ၊ အစာမရှိပဲဖြစ်စေ သောက်ကျပါတယ်။ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးက ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ Sitagliptin သောက်ရင်းနဲ့ ခေါင်းကိုက်တာမျိုးဖြစ်ခဲ့ရင် အနားကောင်းကောင်းယူပြီး ရေများများသောက်ဖို့လိုအပ်ပါတယ်။ ခေါင်းကိုက်နေတဲ့အချိန်မှာ အရက်အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။
4. Insulin: အသက်ကယ်ဆေး
ထိုးဆေးကြိုက်သူတွေအတွက်တော့ Insulin က မရှိမဖြစ်ပါပဲ။ ဒီ ဟော်မုန်းထိုးဆေးက ဆီးချိုရောဂါခံစားနေရတဲ့သူတွေအတွက် အသက်ကယ်ဆေးလို့တောင် တင်စားပြီးပြောလို့ရတယ်။ ဒါပေမယ့် ဒီဆေးကို ထိထိရောက်ရောက်သုံးနိုင်ဖို့အတွက် သိထားသင့်တဲ့အချက်လေးတွေရှိပါတယ်။ မှန်မှန်ကန်ကန်သိမ်းဆည်းဖို့နဲ့ မှန်ကန်တဲ့ အခန်းအပူချိန်မှာ သိမ်းဖို့လိုအပ်ပါတယ်။ Insulin ထိုးတဲ့နေရာကို တစ်နေရာထဲချည်းပဲမထိုးဘဲ ပြောင်းပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။ Insulin ရဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးက သကြားဓာတ်ကျခြင်းပဲ ဖြစ်ပါတယ်။
5. SGLT2 Inhibitors: သကြားအမှိုက်ရှင်းသူများ
နောက်ဆုံးအနေနဲ့ ပြောရရင် SGLT-2 Inhibitors အုပ်စုပဲဖြစ်ပါတယ်။ လူသိများတဲ့တံဆိပ်တွေက Invokana တို့ Jardiance တို့ဖြစ်ပါတယ်။ SGLT-2 Inhibitors တွေက ကျောက်ကပ်ကနေ သကြားဓာတ်ပြန်လည် စုပ်ယူမှုကို ပိတ်ဆို့ထားပြီး ဆီးထဲကနေသကြားကို စွန့်ပစ်ပေးတယ်။ သူတို့ကျတော့ ဘာနဲ့တူလည်းဆိုရင် သကြားတွေကို အမှိုက်လှည်းပေးပြီးစွန့်ပစ်ပေးတဲ့ ပုံစံနဲ့တူတယ်။ ဒီဆေးအုပ်စုကို တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်၊ အစာဖြင့် ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ မှိုဆွဲခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပေမယ့်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာဂရုစိုက်ပါက အလွယ်တကူသက်သာပျောက်ကင်းနိုင်ပါတယ်။
တစ်ခု သတိထားရမှာက ကိုယ်ရဲ့ ဆီးချိုရောဂါနဲ့ တခြားသူရဲ့ဆီးချိုရောဂါက မတူတဲ့အတွက် ဒီလူတစ်ယောက်မှာ ဒီဆေးနဲ့သက်သာနိုင်ပေမယ့် နောက်တစ်ယောက်မှာ အဲ့ဒီဆေးက သက်သာချင်မှသက်သာလိမ့်မယ်ဆိုတာကို သိထားရပါမယ်။ အဲ့ဒါကြောင့် ဘယ်ဆေးကတော့ သင်နဲ့အသင့်တော်ဆုံးလဲ၊ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲဆိုတာကို သင့်ရဲ့ ဆရာဝန်နဲ့ ဆွေးနွေးဖို့ အရမ်းအရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကိုပုံမှန်စစ်ပေးခြင်းနဲ့ ဆရာဝန်နဲ့ ပုံမှန်ဆွေးနွေးခြင်းက ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် အချက်အချာကျပါတယ်။ မှန်ကန်သောဆေးကိုသောက်မယ်၊ နေထိုင်မှုပုံစံပြောင်းလဲမယ်၊ ပြီးတော့ သင့်ကို စောင့်ရှောက်တဲ့သူတွေဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ခြင်းကို ရရှိမယ် ဆိုရင်တော့ ဆီးချိုရောဂါကို ထိန်းညှိရတာ အင်မတန်လွယ်ကူပါတယ်။ သင့်ရဲ့ဆီးချိုရောဂါကို ဘယ်လိုပိုပြီးကောင်းအောင် ထိန်းသိမ်းရမလဲဆိုတာကို ရှာဖွေနေပါက ဤ ဆေး ငါးမျိုး အကြောင်းကိုလေ့လာပြီး စတင်လိုက်ပါ။